Thursday, January 15, 2015

ဆေးမြီးတို

ဆေးမြီးတိုများကိုဝိနည်းပိဋကတ်၊ မဟာဝါပါဠိတော်၊ ဘေသဇ္ဇက္ဓန္ဓက (ရောဂါနဲ့ ပျောက်ကင်းသော ဆေးနည်းများ ဖေါ်ပြရာအုပ်စု)မှာ တပေါင်းတည် ပြဆိုထားပါတယ်။
သာဓကအနေနဲ့ အနည်းငယ် ပြဆိုပါမယ့်-
ဘုရားလက်ထက်တော်အခါ ရဟန်းတစ်ပါး ပိယဆေးမိလာတယ်။အမျိုးသမီးတစ်ဦးက ခပ်လိုက်လို့ပါ။ သူ့အလိုကျလိုက်ပါအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ စာမှာတော့ အိမ်ရှင်မှ ပေးတဲ့ဆေးလို့သုံးပါတယ်။ ထိုရဟန်းမည်သို့ ခံစားရကြောင်းကိုတော့ စာမှာဖေါ်မပြပါ။ ဒီကနေ့ခေတ် တို့ဆေး ၊ခပ်ဆေးမိသူတွေလို ဖြစ်ဖို့များပါတယ်။
ဘုရားရှင်ကို လျှောက်ထားတော့ ဘုရားရှင်က “ထွန်းစာမြေကို ရေဖျော်တိုက်လိုက်” လို့ မိန့်တော်မူပါတယ်။ ထွန်းစာမြေဆိုတာ လယ်ထွန်တဲ့အခါ ထွန်သွားထယ်သွားမှာ ကပ်ပြီးနေတဲ့ မြေအနည်းငယ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
တစ်ခါတော့ ရဟန်းတစ်ပါးမှာ အစာအိမ်ရောဂါဖြစ်ပါတယ်၊ ဘုရားရှင်ကို လျှောက်ထားတော့ ဘုရားရှင်က “ထမင်းကို အခြောက်လှမ်း၊ ပြာချ၊ အဲဒီပြာကို ရေစိမ်၊ အဲဒီပြာစိမ်ထားတဲ့ရေကို စစ်ပြီးသောက်လိုက်”လို့ မိန့်တော်မူပါတယ်။ အလွယ်ကလေးရယ်ပါ၊ အစာအိမ်ရောဂါ ဖြစ်နေကြသူများ အတွက် ဘုရားပေးတဲ့ ဆေးမြီးတိုမို့ မှတ်သားပြီး အစာအိမ်ရောဂါဖြစ်ရင် စမ်းပြီးအသုံး ပြုသင့်ပါတယ်။
ယနေ့အခါမှာ အစာအိမ်ဝေဒနာ ခံစားနေရသူတွေကို ဆရာဝန်များက ဆန်ပြုတ်ကျဲကျဲလေး သောက်ခိုင်းသလို၊ ဘုရာကလည်း နေ့စဉ် ဆန်ပြုတ်သောက်ပေးရမယ်လို့ မိန့်တော်မူပါတယ်။ မွတ်သိမ့်ဆာလောင်မှု့ကို ပယ်ဖျောက်နိုင်ရုံမျှမက အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်ကို စင်ကြယ်စေခြင်း၊ အစာကြေညက်အား ကောင်းခြင်းတို့ကြောင့် ဆန်ပြုဟာ ဆေးတစ်မျိုးလို့ပင် ချီးကျူးတော်မူပါတယ်။
အလားတူ ရဟန်းတစ်ပါးမှာ အသားဝါရောဂါ ဖြစ်ပါတယ်။ ယနေ့လို့ အသဲရောင် ၊ မရောင်နဲ့ စီပိုး၊ ဘီပိုးလို့တော့ စာမှာမဆိုပါ။ ဘုရားရှင်ကို လျှောက်ထားတော့ ]]ဇီးဖြူသီး၊သျှက်သျှားသီးနဲ့ပုပ်အောင်စိမ်ထားတဲ့ နွားကျင်ငယ်ရည်ကိုသောက်ပေး၊ ဒါမှမဟုတ် အဲဒီစိမ်ထားတဲ့ ဇီးဖြူသီး၊ သျှက်သျှားသီးကို စားပေး”လို့ မိန့်တော်မူပါတယ်။ ဒါကတော့ အိမ်သုံးဆေး အနေနဲ့ အမြဲ ဖေါ်စပ်ထားကြရမယ့် သဘောဖြစ်ပါတယ်။
ဒီကနေ့ခေတ် ဘီပိုးဆို သိန်းချီကုန်မယ်၊ စီပိုးဆိုသိန်းနှစ်ရာသုံးရာကုန်မယ့် ထိုးဆေးနဲ့ ကုသမှပျောက်သတဲ့။ ဘုရားပေးတဲ့ဆေးမို့ သုတေသနပြုပြီး အစွမ်းသတ္တိနဲ့ အကျိုးအပြစ်ကို ဖေါ်ထုတ်နိုင်ရင် သိပ်ကောင်းမှာ။
နွေတုန်းက ကျောင်းတိုက်မှာ စာစစ်ကြရင်းနဲ့ ဆေးမြီးတိုများအကြောင်း ပြောဖြစ်ကြတယ်။ စာချဦးသုစိတ္တက သူတို့ရွာက လူငယ်တွေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်ကြတယ်၊ အသားဝါရောဂါဖြစ်ကြရင် ရွာကို ပြန်ကြသတဲ့။
“ဘာလို့ ရွာပြန်ကြရတုန်း၊မြို့ပေါ်မှာ ဆေးမကုကြဘူးလား” လို့ ဝိုင်းမေးကြတော့-
“ရန်ကုန်မှာ ဆေးကုရင် ငွေကုန်ကြေးကျ မတတ်နိုင်ဘူး၊ ရွာရောက်တာနဲ့ရွာမှာ အလေ့ကျ ပေါက်တဲ့ဆူးပဒေါင်းပင်ပဉ္စငါးပါးကို လက်တစ်ဆုပ်စာ လောက် ကြိုသောက်ရင် အသဲရောင်အသားဝါ ရောဂါ ယူပစ်သလိုပျောက်လို့၊ အဲဒီရောဂါဖြစ်တဲ့သူတိုင်း ရွာပြန်ကြတာဘဲ”လို့ ပြောပြပါတယ်။ ဆူးပဒေါင်းပင်များဟာ လယ်ကန်သင်းတွေမှာ များစွားပေါက်တတ်ပါတယ်။ ပင်စီကို အသီးကလေးက ငုံပြီးသီးနေပါတယ်။ ဆူးကလေးများလည်း ရှိပါတယ်။
နောက်စာချဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝဏ္ဏိဿရကတော့ ယခင်က အသဲရောင်အသားဝါ ရောဂါဖြစ်ရင် ငုမြစ်နဲ့ အညာထန်းလျှက်ကိုရောပြီး ကျိုသောက်ရင် ပျောက်ကြောင်းကို ထည့်စွက်ပြောပါတယ်။ အခြားစာချဆရာတော်များကလည်း အဲဒီဆေးနည်းကို သိထားကြလို့ ဝိုင်းထောက်ခံကြတယ်။
စာရေးသူရဲ့ငယ်ဆရာဖြစ်တဲ့ ရွှေမဉ္ဇူဆရာတော်ကြီးဘဒ္ဒန္တစန္ဒထေရ် သက်တော်ထင်ရှားရှိစဉ်က ညောင်စာရေးရွာမှာ အဲလို အသားဝါရောဂါဖြစ်ရင် ငုမြစ်နဲ့ထန်လျှက်ကိုပဲ ကြိုသောက်ခိုင်းတတ်တာကို ။ စာရေးသူတို့ငယ်စဉ် ဟိုနှစ်ပေါင်းသုံးလေး ဆယ်ကဆို ရွာမှာ အသဲရောင်တာတော့ မသိကြလို့ မပြောကြပါဘူး၊အသားဝါတယ်၊ ဆီးဝါတယ်၊မျက်လုံး ဝါတယ်၊ဝမ်းဗိုက်နဲနဲ ဖောင်းနေတယ်ဆိုရင် ဆီးကိုင်တယ်ဆိုပြီး ငုမြစ်နဲ့ထန်းလျှက် ကြိုသောက်ခြင်း၊ရေများများသောက်ရခြင်း၊ဆီနဲ့ဝက်သားကို ရောဂါဖြစ်ခိုက်မှာ ရှောင်ကြရခြင်းဖြင့် အသားဝါရောဂါ ပျောက်ကင်းသွားကြတာကို မှတ်မိပါတယ်။
ဒီကနေ့ခေတ်လို တိုင်းရင်းဆေးတို့၊အင်္ဂလိပ်ဆေးတို့ကလည်း တွင်ကျယ်ကြတာ မဟုတ်တော့ ရှေးရိုးစဉ်လာ မှတ်သား ထားတဲ့ ဆေးမြိးတိုနဲ့ဘဲ ကိစ္စပြီးကြရတာ။
မဇ္ဈိမကျောင်းစာချဆရာတော် ဦးဉာဏဝံသကတော့ ချက်ခြင်းသွေးတိုးကျစေတဲ့ ဆေးနည်း တစ်မျိုးကို ပြောပြပါတယ်။
သွေးတိုးနေလို့ကတော့ ချက်ခြင်းကို သူ့ဆေးနည်းက ကျစေနိုင်တဲ့အပြင် အလွယ်လည်းရနိုင်တဲ့ ဆေးနည်းလို့ ဆိုလိုက်ပါ သေးတယ်။ “ဘာဆေးနည်းတုန်း” လို့ ဝိုင်းမေးကြတော့-
ကြက်သွန်ဖြူဥတစ်လုံးကို ကွမ်းရွက်နဲ့ယာပြီး ဝါးစားလိုက်ပါတဲ့၊ ချက်ခြင်းကို သွေးတိုးကျစေပါသတဲ့။ လွက်တွေ့လို့ ဆိုပါတယ်။ သွေးတိုးသမားများအဖို့ အလွန်လွယ်ကူပြီး ရိုးရှင်းတဲ့သွေးကျ ဆေးပါဘဲ၊ ကြက်သွန်ဖြူနဲ့ကွမ်းရွက်မို့ ဘေးထွက်ဆိုးကျိုးတော့ ရှိမယ်မထင်ပါ။
ယခင် မြန်မာ့ရုပ်သံမှာတော့ သံပုရာသီးအစေ့ကို ဝါးစားရင် သွေးတိုးကျကြောင်းကို ဇာတ်လမ်းစဉ်ရိုက်ပြတာကို မှတ်မိကြဦးမယ်ထင်ပါရဲ့။
ခုလိုအလွန်ပူအိုက်တဲ့ရာသီမှာ မိတ်ဖုတွေအများစု ပေါက်ကြမှာပါ၊ စာရေးသူငယ်စဉ်က ကိုရင်ကျောင်းသားတွေမှာမိတ်တွေ အလွန်ပေါက်တတ်ပါတယ်။ ဆရာတော်ကြီးက မိုးရွာတာနဲ့ မိုးရေချိုးခိုင်းတော့တာပါဘဲ၊ မိုးရေက မိတ်ပျောက်စေပါသတဲ့။ သတင်းစာထဲမှာတော့ သနက်ခါးတို့၊ ကရမက်တို့ကို ဂန့်ဂေါ်ဝတ်ဆံ၊(သို့မဟုတ်)ခရေပန်းချောက်များနဲ့ ရောသွေးပြီးလိမ်းဖို့ ညွှန်ကြားပါတယ်။ ဘုရားရှင်ကလည်း အရေပြာနာဖြစ်ရင် အဲလိုနံသာများကို လိမ်းကြဖို့ မိန့်တော်မူ ပါတယ်။ ဂန့်ဂေါ် ဝတ်ဆံတို့၊ခရေပန်းချောက်တို့က ဆောင်မထားရင် အလွယ်မရနိုင်။
တစ်နေ့က အောင်မိုးဟိန်းသမီး ကြောင်းလှမ်းမင်္ဂလာကို ဆွမ်းစားပင့်လို့ ကြွရတယ်။ ဟိုအကြောင်းဒီအကြောင်းပြောကြရင်းနဲ့ ရာသီပူလို့ မိတ်ဖုထွက်ကြောင်း ပြောဖြစ်ကြတော့၊ အောင်းမိုးဟိန်းရဲ့ဇနီးက သနက်ခါးနဲ့ဆားနဲ့တင် သွေးမလိမ်းဘဲ နနွင်းမှုန့်လေးပါ ထည့်သွေးပြီး လိမ်းရင် အမြန်ပျောက်ကြောင်းကို ပြောပြပါတယ်။
ဆွမ်းစားမှာ ဘုန်းကြီးဦးဉာဏဝံသလည်းပါတော့ သူမှာမိတ်တွေပေါက်နေလို့ ညပိုင်းမှာ အဲဒီအတိုင်း လိမ်းပြီးအိပ်လိုက်တာ နောက်နေ့ကြ အမှန်သက်သာပျောက်ကင်းကြောင်းကို ဆွမ်းစား ဝိုင်းမှာဆုံတော့ သူ့လက်တွေ့ကို ပြောပြပါတယ်။ “မိတ်အမြန်ပျောက်ဆေး၊ အလွယ်ကလေး” လို့ ဆိုရမှာပါ။
မိတ်အပြင် ခုလို အလွန်ပူအိုက်တဲ့ရာသီမှာ ချွေးအလွန်ထွက်ပြီး ဆီးနည်းတတ်ပါတယ်။ အမျိုးသားတိုင်း အသက်လေးဆယ်ကျော်လာရင် ဆီးနဲ့ပတ်သက်တဲ့ရောဂါတစ်မျိုးမျိုးတော့ အလုပ်များသူအများစုခံစားရဘူးမှာပါ ။အပူအစပ်အစား များသွားလို့၊ ရေသောက်နည်းသွားလို့၊ ထိုင်တာအနေကြာသွားလို့၊ဆီးချုပ်စေတတ်တဲ့အစားအသောက်ကို အစားများသွားလို့ ဆီးတွင်အနယ်ရှိလို့ ဆီးသွားခက်ခြင်း၊ ကျင်ချောင်း တစ်လျှောက် နာကျင်ခြင်း၊ ဆီးတစ်စက် တစ်စက်သွားခြင်းတို့ ဖြစ်တတ်ပါတယ်။ အလွန်ခံစားရ ဆိုးပါတယ်။
ထိုအခါမျိုးမှာ ရေကို ဂရုတစိုက် များများသောက်ပေးနေရပါမယ်။ အကယ်၍ မသက်သာပါက မြင်းခွါရွက် အပင်လိုက် လက်တစ်ဆုပ်စာကို သန့်ရှင်းအောင်ရေဆေးပြီး ငရုပ်ဆုံထဲ ထည့်ထောင်း၊ အရည်ညစ်ယူပြီး ပျားရည်အနည်းငယ်နဲ့ လဘက်ရည်ပုဂံ တစ်ဝက်စာလောက် သောက်ပေးရပါမယ်။ ဆီးအေးပြီး အချိန် အနည်းငယ်အတွင်း ဆီးသွားလို့ကောင်းပြီး သက်သာပျောက်ကင်းစေပါတယ်။

No comments:

Post a Comment