Wednesday, February 18, 2015

ခရမ်းပြာထက်လူရဲ့ကဗျာ

ဒီအသံလောက် ၀မ်းနည်းစရာကောင်းတာမျိုး
ဘယ်ဂီတနဲ့ဘယ်စစ်ပွဲတွေထဲမှာမှ ဘယ်သူမှ ကြုံဖူးခဲ့လိမ့်မယ်မဟုတ်ဘူး။

ဒီအသံကြားတဲ့အချိန် ရောက်တဲ့နေရာရပ်
အစာဖြတ် ရေဖြတ် အောက်စီဂျင်ဖြတ်ပြီးနေတာတောင် ငါ့နှလုံးသားက အဆင်သင့်မဖြစ်ခဲ့ဘူး။

ဒီအသံက
ငါ့ခန္ဓာကိုယ်ကြီးကို တစ်စစီဖြစ်အောင် အစိပ်စိပ်အမွှာမွှာ ဖေါက်ခွဲပစ်နိုင်သလို
ဒီအသံက
ကြက်သီးတဖြန်းဖြန်းထနေတဲ့ ငါ့ခန္ဓာကိုယ်ထဲက ကင်ဒိုဓါးတွေကိုအတောင်ထပေါက်
အရေပြားကိုဖေါက်ထွက် ပျံတက်သွားစေတယ်။

ဒီအသံဟာ
ငါ့လူငယ်ဘ၀နဲ့အိမ်ထောင်ရက်သားကျပြီး
သီချင်းမွေးဖို့ကိုယ်ဝန်ဆောင်နေတဲ့ဂစ်တာကိုတောင်ကျစ်ကျစ်ပါအောင်ဆုပ်
နံရံနဲ့ ပြေးပြေးရိုက်ပစ်ချင်လောက်အောင် သွေးကိုဆူစေတယ်။

ပြီးတော့ ဒီအသံဟာ
သံမဏိတောင်တန်းကြီးတွေကို တစ်ကိုယ်လုံးပျော့ပြဲကျစေပြီး
ဒီအသံဟာ ပြီးတော့
ဆောင်းရာသီ အာတိတ်မြေခွေးတစ်ကောင်ရဲ့အထီးကျန်မှုကို ပိုပြီးအေးစက် သွေးပျက်သွားစေတယ်။

အာရုံခံကြည့်စမ်းပါ ဗျာတို့
ဒီအသံဟာ အသံတိတ်ပြေးပြီးလာနေတဲ့ကျည်ဆန်တစ်တောင့်
နဖူးတည့်တည့်ကိုဗြန်းကနဲဝင်ဆောင့်ပြီး ဖြန်းကနဲပွင့်ထွက်သွားတဲ့သွေးစက်တွေ
နံရံဖြူဖြူတစ်ချပ်ပေါ်ပြန့်ကျဲပစ်ကျသွားသလိုမျိုး။

ဒီအသံကိုကြားလိုက်ရရင်
လက်စားချေလိုမှုကို ပါဆယ်ကောင်းကောင်းထုပ် ငါ…သံသရာအထိလိုက်သွားချင်တယ်ဆိုတာမျိုး။

ဒီအသံကိုကြားလိုက်ရရင်
လက်ဟာ ဓါးရိုးပေါ် အလိုလိုပျံတက်သွားသလိုမျိုးလည်းဖြစ်ခဲ့တယ်။

ဒီအသံဟာ
ငါတို့ရဲ့စုထားဆောင်းထားတဲ့မနက်ဖြန်အတွက်နေရောင်ခြည်ကို
တစ်ဝိုင်းလုံး ဖဲလိမ်ရိုက်ပြီး အမှောင်ကိုဆောင့်ကြီးအောင့်ကြီးပြန်ပြီးပစ်လျော်ပေးခဲ့တဲ့အသံ။

ဒီအသံဟာ
တစ်မျိုးလုံးကိုချော်ရည်ပူတွေအောက် ပစ်ထည့်ပြီး တစ်ဆွေလုံးကိုဓါးစက်တွေပေါ်ချကြွေးခဲ့တဲ့အသံပဲ။

ဒါပေမယ့် ဒီအသံကိုဆာဆာနဲ့ ငါတို့စောင့်နေခဲ့တယ်
ဒါပေမယ့် ဒီအသံကို နာနာနဲ့ ငါတို့စောင့်နေခဲ့ကြတယ်
ဒီအသံကို ဒီအချိန်ရောက်ရင် ဒီရောက်တဲ့နေရာကရပ်
ဦးညွှတ်ဂါရ၀ ငါတို့အလေးပြုချင်လို့ ငါတို့ ထာဝရစောင့်ခဲ့ကြတယ်။

ဒါပေမယ့် ဒီကနေ့ သင်းတို့ပြောတာက
မင်းတို့အဆုတ်တွေပြဲထွက်သွားဖို့ဆိုရင်
စီးကရက်တွေကိုပဲရှိုက်ဖွာကြ ၀မ်းနည်းမှုကိုတော့ ရှိုက်လို့မရဘူးကွတဲ့။

မင်းတို့ ဦးခေါင်းတွေ ညွှတ်ကျ ချချင်တယ်ဆိုရင်
သွေးမြေပဲကျကြ ပန်းခွေတော့ချလို့မရဘူးကွတဲ့။

၁၉ ဇူလိုင်
တစ်ကယ့် ငရဲကြီး ၈ ထပ်နဲ့ လက်ထပ်ထားတဲ့တိုင်းပြည်ပဲ။

၁၉ဇူလိုင်
ဝမ်းနည်းကြေကွဲခြင်း ဥသြဆွဲသံတွေအစား
ခြောက်ခြားဖွယ်အူသံတွေသာ နိုင်ငံနဲ့အ၀ှမ်း လွင့်ပျံ့လှိုင်တက်နေခဲ့ရတယ် သူငယ်ချင်းတို့ရေ။ ။

ခရမ်းပြာထက်လူ

( ၂ ၀ ၁ ၃ )

No comments:

Post a Comment