Sunday, October 2, 2016

ကျေးဇူးတရား

မြန်မာတို့ ရဲ့  အရင်ခေတ်များစွာကနေ ဒီနေ့ ခေတ်ကာလအထိလူမှုဆက်ဆံရေးနယ်ပယ်မှာ ကျေးဇူးတရားနဲ့ ကျေးဇူးသိတတ်မှု ဆိုတာ ဘာသာရေးအရရော၊ အမျိုးဂုဏ်အရ မြင့်မြတ်လှပါတယ် ။
မြန်မာတို့ ရဲ့ ကျေးဇူးတရားသိတတ်မှုကို အစောဆုံးစာပေ အနေနဲ့ ပုဂံခေတ်က ရာဇကုမာ ကျောက်စာမှာအစောဆုံးတွေ့ နိုင်ပါတယ်.။ကျေးဇူးတရားနဲ့ ကျေးဇူုးသိတတ်မှု ဆိုတာကို
မြန်မာတို့ ရဲ့ ခေတ်အဆက်ဆက် လူ့ ယဉ်ကျေးမှု စံအနေနဲ့ ပါ အလေးထားသတ်မှတ်ခဲ့ကြပါတယ် ။ သာဓကတို့ မရှားလှပါ ။
ငယ်ငယ်ကသင်ခဲ့ရတဲ့ သူရဲကောင်း ငခင်ညို ဇာတ်လမ်းလေးမှတ်မိကြဦးမယ်ထင်ပါတယ် ။

သူ့ အရှင် ငါးစီးရှင် ကျော်စွာ က ရန်ဘက်တော် စောယွန်းမင်းကိုလုပ်ကြံခိုင်းပါတယ်။ ငခင်ညိုလည်း အခွင့်မသာတာနဲ့ တောထဲ သုံးလေးရက်လောက် ပုန်းအောင်းနေပြီးမှ ရန်သူအလစ်မှာ စောယွန်းနန်းဆောင်ထဲ အလစ်ဝင်ပါတယ် ။ အဲဒီမှာ ထမင်းမစားရလို့ ဆာလောင်မွတ်သိပ်နေတဲ့ ငခင်ညို ဟာ စောယွန်းမင်းရဲ့ နတ်တင်ထမင်းပွဲကိုတွေ့ ပါတော့တယ် ။ ဘုရင့် အမိန့် ကိုအသာထားပြီး ၀မ်းရေးကိုအရင် ဖြည့်ဆည်းလိုက်ပါတယ် ။စားသောက်ကိစ္စပြီးတာနဲ့ ဘုရင့်အမှုကိစ္စ တာဝန်ကြေဖို့  စောယွန်းကိုသတ်ဖို့  ကြံပါတယ်။ စက်တော်ခေါ်နေတဲ့ စောယွန်းမင်းကို ခုတ်ပိုင်းသတ်လိုက်ရင် အလွယ်လေးပါပဲ ။
ဒါပေမယ့် ဒီနေရာ သမိုင်းတွင်စေမယ့် ငခင်ညိုရဲ့ သမိုင်းဝင် စိတ်ထား တွေ့ ရပါပြီ။ " ငါဟာ စောယွန်းမင်းရဲ့ နတ်တင်ထမင်းကိုကိုစားလိုက်ရလို့  ဒီမင်းဟာ ငါ့ရဲ့ ထမင်းရှင် ဖြစ်ခဲ့ပြီ..
သူ၏ကျေးဇူးသည် ငါ့မှာရှိခဲ့ပြီ ..ထမင်းရှင် ကျေးဇူးရှင်ကို ငါ ပြစ်မှားသော်၊ သံသရာအဆက်ဆက်၌ ငါနစ်မွန်းတော့မည် ။ ငါ့အရှင် ၏ အမှုတော်ကို မကျေခဲ့လျှင် ဒီတစ်ဘ၀ သာလျှင်သေရမည် .." ဟု တွေးတောဆင်ခြင်ပြီး စစ်ကိုင်းစောယွန်းမင်း၏ ပတ္တမြား ကျောက်စီဓားကို သက်သေခံ၍ အသင်္ခယာစောယွန်းကိုမသတ်ခဲ့ပဲ ငါးစီးရှင်ကျော်စွာထံ ပြန်ခဲ့လေ၏ ။

ငခင်ညိုလည်း ပြန်ရောက်သောအခါ ပတ္တမြားကျောက်စီဓားကို ဆက်၍ အဖြစ်ကြောင်းကုန်စဉ်ကို လျှောက်တင်လေသည် ။ဤတွင် ငါးစီးရှင် ကျော်စွာကလည်းသူ၏အမှုတော်ကိုဆောင်ရွက်ရန် ပျက်ကွက်ခဲ့သောသူရဲကောင်း ငခင်ညို၏ လျှောက်တင်ချက်ကို လေးနက်စွာ စဉ်းစားဆင်ခြင်လေသည်။
'' ငခင်ညို သည် တလုပ်တဇွန်းမျှသော သူတစ်ပါး၏ ထမင်းကို စားမိသည်ကြောင့် ဤမျှသောကျေးဇူးကို ထောက်ထားသိမြင်၏ ..ငါ၏ နေ့ စဉ်မပျက် သားမယားနှင့်တကွ ကျွေးမွေးပြုစုခဲ့သောကျေးဇူး ကိုဆိုပါလျှင် ဆိုဖွယ်ရာမရှိပြီတည်း ' ဟု များစွာကျေနပ်အားရ၍ များစွာသော ဆုလာဘ်ကို ချီးမြှင့်လေသည် ။

                     နန္ဒ(ကမ္ဘာသစ်)

No comments:

Post a Comment