Saturday, August 22, 2015

ကိုးနဝင်းဝါဒ

ဟိန္ဒူဗြဟ္မဏတို့၏ ဂြိုဟ်ကြီးကိုးလုံးအယူဝါဒနှင့် ဆက်နွယ်၍
ပေါ်ပေါက်လာသောဝါဒတစ်ခုကား "ကိုးန၀င်းဝါဒ" ဖြစ်ပါသည်။
ဤကိုးန၀င်းဝါဒသည် ထေရ၀ါဒဗုဒ္ဓသာသနာတော်မြတ်နှင့် မည်သို့မျှ မပတ်သတ်ပါ။
သို့တစေ ဗုဒ္ဓဘာသာဝင် အများစုကြားထဲတွင် ဂိုဏ်းဆရာများ၊ ဘိုးတော်များ၊
အင်းဘုန်းကြီးတို့၏ ပယောဂကြောင့် ဤကိုးန၀င်းဝါဒသည် ရှင်သန်ပျံ့နှံ့လျက်ရှိပါသည်။

      "ကိုး"ဂဏန်းကို ထူးဆန်းသော ဂဏန်းဟု ယူဆခြင်းမှာ
"ကိုး" နှင့် မြှောက်၍ ရသမျှသော ဂဏန်းဟူသမျှကို ပေါင်းသော်
"ကိုး" ပင်ရသောကြောင့်ပင်ဖြစ်သည်။
ဥပမာအားဖြင့် ၉ နှင့် ၂ မြှောက်သော် ၁၈ ရ၏။ ၁ နှင့် ၈ ပေါင်းသော် ၉ ပင်ပြန်ရ၏။
၉ နှင့် ၃ မြှောက်သော် ၂၇ ရ၏။ ၂ နှင့် ၇ ပေါင်းသော် ၉ ပင်ပြန်ရ၏။
စင်စစ် ဤသည်မှာ သင်္ချာသဘောအရသာ ဖြစ်ပါသည်။ ထူးဆန်းသည်ဟု မဆိုနိုင်။
အကယ်၍ ထူဆန်းသည်ဟု ဆိုစေ
ယင်းထူဆန်းမှုသည် လူတို့အား မည်သည့်အကျိုးကို ပေးစွမ်းနိုင်ပါအံ့နည်း။

      "ကိုး"ဂဏန်းနှင့် ပတ်သတ်သော အယူအစွဲများလည်း
ဒေသအလိုက် အမျိုးမျိုး အဖုံဖုံ ရှိသည်ဟု ဆိုပါသည်။
အချို့ဒေသတို့တွင် နတ်မကြိုက်သောကြောင့်ဟုဆိုကာ ကိုးဂဏန်းကို ရှောင်ကြသည်။
မည်သည့်နတ်က မည်သည့်အကြောင်းကြောင့်
"ကိုးဂဏန်း"ကို မကြိုက်မှန်းမူ ရေရေရာရာ သိဟန်မတူ။
နတ်မကြိုက်သည့် အရာတိုင်းကို လူသားဖြစ်သောမိမိက 'ရှောင်'ရသည်ဆိုတော့
မိမိ၏ လူအဖြစ် လူတန်ဖိုး လူ့သိက္ခာ သည် ဘာဖြစ်သွားပြီနည်း။
၃၇ မင်းဟုဆိုသော နတ်ကြိုက်တာကိုလုပ်ပြီး
နတ်မကြိုက်တာကို ရှောင်ဖို့ လူဖြစ်လာတာလား။
ဤသို့ဆိုလျှင် မိမိ၏ လူ့အဖြစ်သည် ဘာတန်ဖိုးမျှ မရှိတော့။
မသေချာ မရေရာသော အကြောက်တရားနှင့် ဥပါဒါန်တို့၏ ဖိစီးမှုအောက်တွင်
အကျဉ်းကျခံနေရသည့် ဘ၀သည် အောက်တန်းကျလွန်းလှပါ၏။

      အချို့သော ဒေသတို့တွင် လှည်းကိုးစီးဖြင့် ခရီးသွားပါက ဘေးအန္တရာယ်နှင့် တွေ့တတ်သည်၊ မသွားကောင်းဟူသော အယူအစွဲ ရှိ၏။
အချို့သော ဒေသတို့တွင်မူ လဆန်း ၉ ရက်၊ လဆုတ် ၉ ရက်တို့တွင်
အိမ်ဆောက်ပါက ဒုက္ခတွေ့ရတတ်သည်ဟုယုံကြည်တတ်ကြသည်။
အချို့ကမူ ကိုးယောက် ခရီးသွားပါက
လမ်းခရီးတွင် ဘေးအန္တရာယ်နှင့် ကြုံရတတ်သည်ဟု အယူသည်းတတ်ကြ၏။
ဤသည်မှာ ကိုးဂဏန်းနှင့် ပတ်သတ်သော အနိဌာရုံအစွဲ အချို့ဖြစ်ပါ၏။

      "ကိုးဂဏန်း"အပေါ် အကောင်းမြင်သမားများကမူ ကိုးဂဏန်းနှင့် တိုက်ဆိုင်နေလျှင် လုပ်ငန်းအောင်မြင်မည်။ ကံကောင်းမည်၊ အကြံအစည်အောင်မြင်မည်ဟု ယူဆကြသည်။ အချို့ထီထိုးသူများသည် ထီစာရွက်ပါ ဂဏန်းခြောက်လုံးကို ပေါင်း၍ ၉ ရလျှင်
(သို့) ဂဏန်းခြောက်လုံးကို ၉ ဖြင့် စား၍ပြတ်ပါက န၀င်းကျေသည် ဟုဆိုကာ ရွေးထိုးခြင်းမျိုး ရှိသည်။ ထီပေါက်ဂဏန်းတိုင်း ကိုးဖြင့်စား၍ပြတ်ပါသလော။
ဂဏန်းအားလုံးပေါင်းခြင်းသည် ကိုးရပါသလော။

      ကိုးန၀င်းဝါဒနှင့် ပတ်သတ်၍ တက္ကသိုလ်သောတုဇန ဆရာတော်ဘုရားက ဤသို့မိန့်တော်မူဖူးပါ၏။
         "တကယ်တော့ ဒီကိုးန၀င်းဝါဒဟာ ဟိန္ဒူဘာသာရေးကျမ်းဂန်များမှလာတဲ့
ဂြိုဟ်ကိုးလုံးနဲ့ ဆက်သွယ်ပြီး ဖြစ်ပေါ်လာတဲ့ ၀ါဒဖြစ်ပါတယ်လို့ဆိုပါတယ်။
ယခုအခါမှာတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နယ်ပယ်မှာရောနှောလုံးထွေးနေပြီး
ဗုဒ္ဓဘာသာဝင်တွေရဲ့ ပင်ကိုမူလအယူဝါဒတစ်မျိုးလို့တောင် ထင်စရာ ဖြစ်နေပါပြီ။
         ကိုးဂဏန်းနဲ့တိုက်ဆိုင်နေ၊ ကိုးန၀င်းကျေနေပေမယ့်
မအောင်မြင်တဲ့သူ၊ မကြီးပွားတဲ့သူတွေ အများကြီးရှိပါတယ်။
ရှေးကုသိုလ်ကံလည်းပါလာ၊ ယခုမျက်မှောက်ဘ၀မှာလည်း ဉာဏ်ဝီရိယစိုက်ထုတ်ပြီး အလွန်ကြိုးစားလုပ်သူများသာ အောင်မြင်ကြီးပွားနိုင်ပါတယ်"

      စင်စစ်သော် ကိန်းဂဏန်းအရေအတွက်ဟူသည်
ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်းမဟုတ်၊ ဣဌာရုံလည်းမဟုတ်၊ အနိဌာရုံလည်းမဟုတ်၊ အားကိုစရာလည်းမဟုတ်၊ ကြောက်စရာလည်းမဟုတ်ပါ။
      ထေရ၀ါဒပိဋကတ်တော်များတွင်
"ကိုးန၀င်း"၊ "တြင်းကြေ"၊ "န၀င်းကြေ"ဟူသော စကားလုံးများ လုံးဝမပါဝင်ပါ။
ကိုးန၀င်းအယူဝါဒသည် ဗုဒ္ဓဘာသာအယူဝါဒမဟုတ်ကြောင်း အသိလင်း အမြင်ရှင်းစေလိုပါသည်။

မင်းနန် (မော်ကျွန်း) - အယူအမြင်မှန်ကန်ရေး မှ

No comments:

Post a Comment